သိုင်းရွိုက်ဟော်မုန်းက ဘာတွေလုပ်ပေးသလဲ?
“သိုင်းရွိုက်ဟော်မုန်း” ဟာ ခန္ဓာကိုယ်ထဲမှာ အလုပ်တာဝန်တွေအများကြီးလုပ်ပေးတဲ့ မရှိမဖြစ်ဟော်မုန်းဖြစ်ပါတယ်။ လည်ပင်းရှေ့ရှိ လိပ်ပြာပုံ သိုင်းရွိုက်ဂလင်းလေးဟာ ကားတစ်စီးမှာဆိုရင် အင်ဂျင်လို အစိတ်အပိုင်းဖြစ်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းက များပြားလှတဲ့ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဥ်များကို ထိန်းချုပ်ထားတဲ့အတွက် ရှင်းရှင်းပြောရရင် သူ လုံးဝမရှိဘဲ အသက်ကိုရှင်လို့မရတာပါ။ ။ သိုင်းရွိုက်ဟော်မုန်း နည်းခြင်းများခြင်းဟာ ကိုယ်တွင်းပြဿနာပေါင်းစုံဖြစ်စေပါတယ်။ သိုင်းရွိုက်ဟော်မုန်း နည်းခြင်းများခြင်းရောဂါဟာ ဖြစ်မလာအောင်ကာကွယ်လို့ မရပေမယ့် ကောင်းတဲ့အချက်ကတော့ ကုသထိန်းချုပ်လို့ရပါတယ်။
သိုင်းရွိုက်ဟော်မုန်းများခြင်း
သိုင်းရွိုက်ဂလင်းအလုပ်လုပ်လွန်ပြီး သွေးထဲမှာ သိုင်းရွိုက်ဟော်မုန်းတွေများနေတာဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းတွေများတဲ့အခါ ခန္ဓာကိုယ်တွင်းဇီဝကမ္မဖြစ်စဥ်တွေ အားလုံးကို မြန်စေပါတယ်။
ဘယ်သူတွေမှာပိုဖြစ်သလဲ?
အမျိုးသမီးတွေ၊ မျိုးရိုးထဲမှာ သိုင်းရွိုက်ဂလင်းရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သွေးချိုဆီးချိုရောဂါသည်အချို့မှာ ပိုဖြစ်တတ်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းများခြင်းမှာ ဘာလက္ခဏာတွေတွေ့နိုင်သလဲ?
သိုင်းရွိုက်ဟော်မုန်းများခြင်းဟာ ရောဂါလက္ခဏာတွေဟာ ရုတ်တရက်ဖြစ်လာတာမဟုတ်ဘဲ အချိန်ကြာလာနှင့် အမျှ တဖြည်းဖြည်းချင်းသတိထားမိလာတတ်တာပါ။
- အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်လျော့ကျခြင်း
- အစာစားချင်စိတ်ပိုလာခြင်း
- နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း
- အပူဒဏ်မခံနိုင်ခြင်း
- ချွေးထွက်များလာခြင်း
- ဝမ်းလျှောခြင်း၊ သွားတဲ့ အကြိမ်ရေနှင့် ပမာဏများလာခြင်း
- စိတ်ပူပန်မှုများခြင်း
- စိတ်တိုစိတ်ဆိုးလွယ်ခြင်း
- ဂနာမငြိမ် လှုပ်ခတ်ခြင်း
- လက်ဖျားလေးတွေ တုန်ခါနေခြင်း
- ရာသီသွေးဆင်းမမှန်ခြင်း
- ကြွက်သားများ နာကျင်အားယုတ်နေခြင်း
- အရေပြားပါးလာခြင်း
- ဆံပင်များပါးလာ၊ ကြွပ်ဆတ်လာခြင်း တွေဖြစ်လာတတ်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းများခြင်းဟာ သွေးစစ်ခြင်း၊ ဆေးအိုင်အိုဒင်းမျိုခြင်း၊ အာထွာဆောင်းရိုက်ခြင်းများဖြင့် ရောဂါသိရှိနိင်ပြီး သောက်ဆေးများ သို့မဟုတ် ခွဲစိတ်ခြင်းဖြင့် ကုသနိုင်ပါတယ်။ စနစ်တကျဆေးကုသမှုခံယူရင် နောက်ဆက်တွဲပြဿနာတွေဖြစ်မလာအောင် တားဆီးနိုင်ပါတယ်။
ဘာကြောင့် သွေးထဲက သိုင်းရွိုက်ဟော်မုန်းတွေ များလာတာလဲ?
- သိုင်းရွိုက်ဂလင်းကို လှုံဆော်မှု လွန်ကဲခြင်းရောဂါ
မျိုးရိုးလိုက်တတ်ပြီး အဖြစ်အများဆုံးရောဂါပါ။ ကိုယ်ခံအားစနစ်ကြောင့်ထွက်လာတဲ့ ပဋိပစ္စည်းလေးတွေဟာ သိုင်းရွိုက်ဂလင်းကို အလုပ်ပိုလုပ်အောင် သွားဆွလို့ဖြစ်တာပါ။
- လည်ပင်းကြီးရောဂါ
သိုင်းရွိုက်ဂလင်းထဲရှိဆဲလ်လေးတွေကြီးထွားလာပြီး သိုင်းရွိုက်ဂလင်းကြီးခြင်း၊ အဖုလုံးများ ဖြစ်လာခြင်းတွေကြောင့် သိုင်းရွိုက်ဟော်မုန်း ပိုထုတ်လုပ်ပါတယ်။
- သိုင်းရွိုက်ဂလင်းယောင်ရမ်းခြင်း
ကိုယ်ခံအားစနစ်ပြောင်းလဲခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ ကလေးမွေးပြီးချိန်တွေမှာ ပိုဖြစ်ပါတယ်။
- အခြားအကြောင်းအရာများ
အိုင်အိုဒင်းဓာတ်များသောအစားအစာများ လွန်ကဲစွာစားသုံးခြင်း၊ မျိုးဥအိမ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာနှင့် အချို့သော နှလုံးရောဂါသောက်ဆေးများကြောင့်လည်း သွေးတွင်းသိုင်းရွိုက်ဟော်မုန်းများစေနိုင်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းများခြင်းကြောင့် နောက်ဆက်တွဲပြဿနာများ
- နှလုံးရောဂါ
သိုင်းရွိုက်ဟော်မုန်းရဲ့လှုံ့ဆော်မှုကြောင့် နှလုံးသာမာန်ထက် အလုပ်ပိုလုပ်နေရတဲ့အခါ နှလုံးခုန်မြန်ခြင်း၊ မမှန်ခြင်း၊ သွေးတိုးခြင်းနှင့် ကြာလာရင် နှလုံးအမောဖောက်ခြင်း၊ လေဖြတ်ခြင်းများဖြစ်စေပါတယ်။
- အရိုးပွရောဂါ
သိုင်းရွိုက်ဟော်မုန်းများခြင်းကို အချိန်ကြာမကုသဘဲထားတဲ့အခါ အရိုးဖွဲ့စည်းတဲ့ ကယ်လဆီယမ်တွေကို အနှောက်အယှက်ပေးတာကြောင့် အရိုးပါးခြင်း၊ ပွခြင်း၊ ကြွပ်ဆတ်ခြင်း ဖြစ်လာပါတယ်။
- မျက်စိရောဂါ
မျက်လုံးက သာမာန်ထက် အပြင်ကို သိသိသာသာ ပိုပြူးထွက်လာပါတယ်။ နီတာ၊ နာတာ၊ ယောင်ရမ်းတာ၊ အလင်းဒဏ်မခံနိုင်တာ၊ အမြင်ဝေဝါးတာ၊ နှစ်ထပ်မြင်တာကနေ မကုသဘဲထားရင် အမြင်အာရုံထိခိုက်လာတာတွေ ဖြစ်တတ်ပါတယ်။
- အရေပြားရောဂါ
အရေပြား ပူပြီးယောင်နေ ပြောင်ချောနေတာမျိုးဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်တွေမှာ သိုင်းရွိုက်ဟော်မုန်းများနေတဲ့အခါ သားပျက်သားလျှောခြင်း၊ ပေါင်မပြည့်လမစေ့ဘဲကလေးမွေးခြင်းဖြစ်စေနိုင်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းများခြင်းကို မကုသဘဲထားရာမှ သိုင်းရွိုက်ဟော်မုန်းသွေးထဲမှာ အလွန်အမင်း များနေတဲ့အခါမှာ အသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေဖြစ်တတ်ပါတယ်။ ဖျားခြင်း၊ အန်ခြင်း၊ နှလုံးခုန်အရမ်းမြန်နေခြင်း၊ ဂနာမငြိမ်လှုပ်ခတ်နေခြင်း၊ သတိမကောင်းခြင်း၊ နှလုံးအမောဖောက်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းများဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂလင်းရောဂါရှိသူတွေမှာ ဒီအချက်တွေဖြစ်လာရင်မပေါဆသင့်ပါဘူး။ အခြားဆက်စပ်ဟော်မုန်းရောဂါများနှင့်ပတ်သက်ပြီးလည်း သက်ဆိုင်ရာဆရာဝန်များနှင့် လိုအပ်သလို တိုင်ပင်ဆွေးနွေးကုသမှုခံယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယုမွန်